စုစုပေါင်းခရီးသည် ငါးသန်းကို ဝန်ဆောင်မှုပေးနိုင်မည့် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယခုလ ၁၉ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ တိုက်ပင်းကော်တို့က ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ လေဆိပ်ကြီးကို စင်ကာပူနိုင်ငံ CPG Consultant ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ အေးရှားဝေါလ်ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း၃၀၀ ခန့်နှင့် မြန်မာကျပ်ငွေ ၂၇ ဘီလျံခန့် ကုန်ကျခဲ့သည်ဟု သိရသည်။ အဆိုပါ လေဆိပ်သစ်ကြီးသည် လေယာဉ်ဆိုက်ကပ်နိုင်သည့် ပေါင်းကူးတံတား ၁၀ စင်းပါဝင်ကာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးနှစ်စင်း တစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်မည့် တံတားနှစ်စင်းနှင့် အခြားလေယာဉ်များ ရပ်နားနိုင်သည့် တံတားရှစ်စင်းသို့ ဖြစ်ကြသည်။ တစ်နှစ်လျှင် လေယာဉ်စင်းရေ ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ ဆိုက်ရောက်နိုင်မည်ဖြစ်ကာ ပြည်တွင်းခရီးသည် နှစ်သန်းနှင့် ပြည်ပခရီးသည် သုံးသန်းကို ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ နေပြည်တော် လေဆိပ်သစ်ကြီးသည် မြန်မာနိုင်ငံတွင် တတိယမြောက်ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာပြီး အကြီးဆုံးလေဆိပ်လည်း ဖြစ်သည်။ လေဆိပ်အဆောက်အဦးသည် စတုရန်းပေခြောက်သိန်းကျော် ကျယ်ဝန်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံသည် စတုရန်းပေ လေးသိန်းနှစ်သောင်းခန့်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် စတုရန်းပေ လေးသိန်းခြောက်သောင်းခန့်သာ ကျယ်ဝန်းသည်။ လေယာဉ်ပြေးလမ်းအရှည်မှ ၃ ဒသမ ၆ ကီလိုမီတာ ရှည်လျားပြီး ထိန်းချုပ်ရေးမျှော်စင်မှာ ၆၉ မီတာမြင့်သည် ဟိုသိရသည်။ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ ဧပြီလတွင်စတင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာတိုင်း(မ) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge